၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၂) ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် ၂၆-၁၂-၂၀၂၀ မှ ၃-၁-၂၀၂၁ ထိ အုပ်စုနှစ်စုခွဲ၍ ကျင်းပခဲ့သော အခြေခံကွန်ပျူတာစွမ်းရည် မြှင့်တင်ရေး သင်တန်း အောင်လက်မှတ်ချီးမြှင့်ပွဲကို ၁၂-၁-၂၀၂၁ နံနက် (၁၀)နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Covid -19 ညွှန်ကြားချက်များနှင့်အညီ ပညာတန်ဆောင်ခန်းမ၌ ကျင်းပခဲ့သည်၊၊ အခမ်းအနားတွင် ကျောင်းအုပ်ကြီးဆရာမကြီးဒေါ်မီမီဝင်းက သင်တန်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခြင်း၊ သင်တန်းတာဝန်ခံကျင်းပပေးသူ ဆရာဦးစည်သူကျော်က သင်တန်းကျင်းပရခြင်းရည်ရွယ်ချက်၊ သင်တန်းဆောင်ရွက်ခဲ့ပုံများကို ရှင်းလင်းတင်ပြခြင်း၊ သင်တန်းတွင်နည်းပညာပံ့ပိုးခဲ့သူ ဆရာမများအား ဂုဏ်ပြုလက်မှတ်အပ်နှင်းခြင်း၊ အောင်လက်မှတ်များချီးမြှင့်ခြင်းနှင့် သင်တန်းတက်ရောက်ခဲ့သူများကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်စကားကို တွဲဖက်ပါမောက္ခ ဆရာဦးစံထွန်အေးက ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့သည်၊၊ အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ သင်ကြားစီမံအရာထမ်း၊ အမှုထမ်းစုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ပါသည်၊၊
အဆိုပါအခမ်းအပြီးတွင် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၏ တရားဝင်အသုံးပြုထားသော www.kpuedc.edu.mm website တွင်ထည့်သွင်းထားသောအကြောင်းအရာများကို ဆရာ၊မများ၊ ရုံးဝန်ထမ်းများအား အသိပေးရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပါသည်၊၊